စာရေးသူရဲ့ အမှာစာ
ချစ်ခင်လေးစားရပါတဲ့ မြန်မာပြည်သူတွေရဲ့လက်ထဲကို ဒီစာအုပ်လေး ရောက်ရှိလာမယ် ဆိုရင် ကျွန်မတကယ့်ကို ဝမ်းသာပီတိဖြစ်ရပါလိမ့်မယ်။
“အာဟာရပညာ” ဆိုတဲ့ ဒီစာအုပ်လေးဟာ ကျွန်မရဲ့နှလုံးသားထဲက ထွက်လာတဲ့ ဆန္ဒ တစ်စုံပါ။
မြန်မာလူမျိုးတွေအနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အာဟာရရဲ့ အရေးပါမှုကို သိစေချင်တဲ့ စိတ်ကူးနဲ့ ရေးသားထားတာပါ။
ကျွန်မတို့ မြန်မာနိုင်ငံမှာ အာဟာရဆိုတဲ့အရာကို “မလိုအပ်ဘူး”၊ “ဆေးလိုမျိုးမဟုတ် ဘူး”၊ “ပိုက်ဆံဖြုန်းတာပဲ” လို့ မြင်တတ်ကြတာကို ကျွန်မနှစ်ပေါင်းများစွာ သတိထားမိခဲ့ ပါတယ်။ “နာကျင်ကိုက်ခဲရင် ပါရာစီတမောသောက်လိုက်”၊ “ဖျားနာရင် ဆရာဝန်ဆီပြေး လိုက်” နဲ့ ဓာတုဆေးဝါးတွေကိုပဲ အလွန်အမင်းမှီခိုနေကြတာကိုတွေ့နေရတာက ကျွန်မရဲ့ နှလုံးသားကို နာကျင်စေခဲ့ပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်ရင် အနောက်တိုင်းဆေးတွေကိုသာ အလွန်အကျွံအားကိုးနေကြ ပြီး အာဟာရဓာတ်တွေကို သောက်သုံးဖို့မလိုဘူးလို့ ထင်နေကြတာ၊ အာဟာရ ဖြည့်စွက်စာတွေ (Nutrients Supplements) ဝယ်သုံးတာကို အလကားသက်သက် ငွေဖြုန်းတာပဲလို့ တွေးထင် နေကြတာကို တွေ့ရတာက ကျွန်မအတွက်ဝမ်းနည်းစရာပါ။
ဒီလိုအမြင်တွေဖြစ်နေတာကလည်း တကယ်တန်းတော့ မမှားပါဘူး။
ဘာကြောင့်လဲဆိုတော့ အာဟာရရဲ့တန်ဖိုးကို ကျွန်မတို့သေသေချာချာ မသိခဲ့ကြလို့ပါ။ ဗဟုသုတစာပေတွေကို ဖတ်ဖို့အခွင့်အလမ်းနည်းခဲ့တာ၊ ဗဟုသုတတွေကို ကျယ်ကျယ်ပျံ့ပျံ့ လေ့လာနိုင်တဲ့ စာပေအရင်းအမြစ်ရရှိမှုအခြေအနေ အားနည်းခဲ့တာတွေကြောင့် ကျွန်မတို့ဟာ ဒီလို ဟာရဆိုင်ရာအသိပညာတွေ အားနည်းနေခဲ့ရတာဖြစ်ပါတယ်။
အာဟာရဆိုတာ ဆေးတစ်လုံးလိုချက်ချင်းအကျိုးအာနိဿင် မပြပေမယ့် ကျွန်မတို့ရဲ့ ကျန်းမာရေးကို အမြစ်ကနေသန်မာစေတဲ့ အစွမ်းရှိပါတယ်။ နာကျင်မှုတွေ၊ ရောဂါတွေ မဖြစ်ခင် ကာကွယ်ပေးနိုင်တဲ့ သဘာဝလက်နက်တစ်ခုပါ။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ အာဟာရဗေဒရဲ့ အကျိုးကျေးဇူးကိုသိရှိပြီး လက်တွေ့အသုံးချ နေကြပေမယ့် ကျွန်မတို့မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဒီအသိပညာ နည်းပါးနေ သေးတာက ကျွန်မကို ဒီစာအုပ်လေးရေးဖြစ်အောင် တွန်းအားပေးခဲ့ပါတယ်။
ဒီစာအုပ်ထဲမှာ ကျွန်မတို့ နေ့စဉ်ဘဝမှာ လွယ်ကူစွာ စားသုံးနိုင်တဲ့ အစားအစာတွေကနေ အာဟာရဓာတ်တွေ ဘယ်လိုရယူရမလဲ၊ ဘာတွေ ကောင်းကျိုးပေးနိုင်လဲဆိုတာကို ရိုးရှင်းစွာ မျှဝေပေးထားပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်နိုင်ဖို့ ပထမဆုံး ခြေလှမ်းလေးတစ်ခုပါပဲ။
ကျွန်မမျှော်လင့်တာက ဒီစာအုပ်လေးကိုဖတ်ပြီး အနည်းဆုံး တစ်ယောက်ယောက်က “အာဟာရဆိုတာ ငွေဖြုန်းတာမဟုတ်ဘူး၊ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံတာပဲ” လို့ ခံစား မိပြီး “ဓာတုဆေးဝါးတွေကိုပဲ မှီခိုနေတာထက် အာဟာရဓာတ်တွေကနေ ကျန်းမာရေးကို ပြန်တည်ဆောက်လို့ရတယ်” ဆိုတဲ့ အသိတစ်ခုရလာမယ်ဆိုရင် ကျွန်မရဲ့ အိပ်မက်လေး ပြည့်ဝသွားပါပြီ။
ဒီစာအုပ်လေးက သင်တို့အိမ်ထဲမှာ / သင်တို့မိသားစုထဲမှာ / သင်တို့ရပ်ရွာထဲမှာ ကျန်းမာ ရေးကိုဦးစားပေးတဲ့ အလေ့အကျင့်တစ်ခု စတင်လာစေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ အားလုံး ကျန်းမာပျော်ရွှင်ပြီး အားအင်ပြည့်ဝတဲ့ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီစာအုပ်ကို သင်တို့လက်ထဲကို အပ်နှံလိုက်ပါတယ်။
ချစ်ခင်လေးစားလျက်
Kay Thi Khaing