ဗီတာမင် B9 (Folic Acid)
ဗီတာမင် B9 သို့မဟုတ် Folic Acid (ဓာတုပုံစံ) နဲ့ Folate (သဘာဝပုံစံ) ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်ပါတယ်။ ဒီဗီတာမင်က ကျွန်မတို့ရဲ့ သွေးကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ဆဲလ်ဖွဲ့စည်းမှုအတွက် အရေးပါတဲ့ အာဟာရ ဓာတ်တစ်မျိုးပါ။
• ဗီတာမင် B9 ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်သလား?
ဗီတာမင် B9 ကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က သူ့ဘာသာသူ ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ဒီဗီတာမင်ကို နေ့စဉ် အစားအစာတွေကနေ မဖြစ်မနေ ရယူဖို့ လိုအပ်ပါတယ်။
• ဗီတာမင် B9 ကို ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်သလား?
ဗီတာမင် B9 ဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင် ထားနိုင်စွမ်း သိပ်မရှိပါဘူး။ ဒါပေမယ့် အနည်းငယ်ကိုတော့ အသည်းမှာ သိုလှောင်ထားနိုင်ပြီး လိုအပ်တာထက် ပိုတဲ့ ပမာဏကို ဆီးကနေ စွန့်ထုတ်လိုက်တာမို့ နေ့တိုင်း မျှတစွာ စားသုံးပေးဖို့ လိုပါတယ်။
• ဗီတာမင် B9 ချို့တဲ့လျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ
ဗီတာမင် B9 ချို့တဲ့ရင် သွေးအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ၊ စိတ်ဓာတ်ကျတာ၊ အာရုံစူးစိုက်မှု နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ သန္ဓေသားရဲ့ အာရုံကြောပြွန် ချို့ယွင်းတာ (Neural Tube Defects) ဖြစ်နိုင်ခြေ များလာနိုင်ပါတယ်။ နှုတ်ခမ်းကွဲတာ၊ လျှာရောင်တာတွေလည်း ဖြစ်တတ်ပါတယ်။
• ဗီတာမင် B9 ပိုလျှံလွန်းလျှင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာများ
ဗီတာမင် B9 ဟာ ရေမှာပျော်ဝင်တာမို့ သဘာဝအစားအစာကနေ ပိုလျှံတာက ခဲယဉ်းပါ တယ်။ ဒါပေမယ့် ဓာတုဆေး (Folic Acid) ကို အလွန်အကျွံသောက်မိရင် ဗီတာမင် B12 ချို့တဲ့မှုကို ဖုံးကွယ်သွားစေပြီး အာရုံကြောထိခိုက်တာကို မသိမြင်နိုင်ဘဲ ဖြစ်နေတာမျိုး ဖြစ်လာ နိုင်ပါတယ်။ ဗိုက်အောင့်တာ၊ အိပ်မပျော်တာ၊ စိတ်မထင်မှတ်ဘဲ အပြောင်းအလဲဖြစ်တာတွေ လည်း ဖြစ်တတ်ပါတယ်။
• ဗီတာမင် B9 ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်များ
ဗီတာမင် B9 ကို မြန်မာ့ဒေသခံ အစားအစာတွေကနေ လွယ်ကူစွာ ရယူနိုင်ပါတယ်။
ဥပမာ -
• ဟင်းနုနွယ် (ဟင်းချိုချက်ရင် အလွယ်ရတယ်)
• လိမ္မော်သီး (အချိုရည်လုပ်စားလည်းရတယ်၊ အသီးလိုက် စားလည်းရတယ်)
• ပဲနီလေး (ဟင်းချိုထဲ ထည့်ချက်လို့ရတယ်)
• ကန်စွန်းဥ (ပြုတ်စားလည်းရတယ်၊ မီးဖုတ်စားလည်းရတယ်)
• ထောပတ်သီး (သုပ်စားလည်းရတယ်၊ အချိုရည်လုပ်စားလည်းရတယ်)
သဘာဝအရင်းအမြစ်က ရရှိတဲ့ ဗီတာမင် B9 နှင့် ဓာတုဆေး ဗီတာမင် B9 ကွာခြားချက်
သဘာဝအစားအစာကနေ ရတဲ့ ဗီတာမင် B9 (Folate) ဟာ ခန္ဓာကိုယ်က လိုအပ် သလောက် အသုံးပြုပြီး ပိုတာကို ဆီးကနေ သဘာဝအတိုင်း စွန့်ထုတ်လိုက်တာမို့ ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ဒါပေမယ့် ဓာတုဆေးနဲ့ ဖြည့်စွမ်းထားတဲ့ ဗီတာမင် B9 (Folic Acid) ကို မလိုအပ်ဘဲ အလွန်အကျွံ သောက်မိရင် ဗီတာမင် B12 ချို့တဲ့မှုကို ဖုံးကွယ်သွား စေတာ၊ ဗိုက်အောင့်တာ၊ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဓာတုဆေးတွေ မသောက်ဘဲ သဘာဝအစားအစာကနေ ရယူတာကသာ အကောင်းဆုံးပါ။





